ပါရာဇိကဏ်လက်စွဲ
နံပါတ် (၅) စည်းမျဉ်း အပိုင်း(၁)
************
ပါရာဇိကဏ် နံပါတ်(၅)ပုစ္ဆာ၌ ဓာတ်, ပစ္စည်း,ဝိဘတ်, ကာရက, ကြိယာ လိင်တို့၏ အနက်,အဓိပ္ပါယ်ကိုလည်းကောင်း၊ ပုဒ်တို့၏အမည်, လိင်, ဂိုဏ်း, ကာရန် အဆုံးအဖြတ်ကိုလည်းကောင်း မေးလေ့ရှိသည်။
#######
နံပါတ် (၅) စည်းမျဉ်း လေ့လာနည်း
********
ဓာတ်-ပစ်-ဝိဘတ်, လိင်-ကာမှတ်,ကြိယတ် ခြောက်စုံမှာ။
မေးပုဒ်ရှုကာ, စီစစ်ပါ, လျော်ရာ ဖြေဆိုရ။
ပုဒ်နှင့်လိင်မှန်, ဂိုဏ်း-ကာရန်, လေးတန် တနည်းကြံ။
၁။ ဓာတ်,ဓာတ်နက်,
၂။ ပစ္စည်း,ပစ္စည်းအနက်,
၃။ ဝိဘတ်,ဝိဘတ်အနက်,
၎။ လိင်,လိင်အနက်,
၅။ ကာရက,ကာရကအနက်,
၆။ ကြိယာ,ကြိယာအနက် တို့ကို မေးသောပုစ္ဆာကိုရှု၍ သင့်လျော်ရာကို ဖြေဆိုပါ
၇။ ပုဒ်အမည်, လိင်,(လိင်အနက်),
ဂိုဏ်း, ကာရန်တို့ကို အဋ္ဌသာလီနိ၌ မေ့လေ့ရှိသော်လည်း ဤပါရာဇိကဏ်၌ ရံခါ မေ့လေ့ရှိသောကြောင့် ဒုတိယပိုင်းအဖြစ်လေ့လာထားပါ။
########
ပုဒ်တစ်ပုဒ်ကို တွေ့ရာ၌
ပထမပိုင်းအဖြစ်= ဓာတ်(နှင့် ဓာတ်နက်),ပစ္စည်း(နှင့် ပစ္စည်းအနက်),(ဝိဘတ်နှင့်ဝိဘတ်အနက်)တို့ကို စဉ်းစာစီးစစ်ပါ။
ဒုတိယပိုင်းအဖြစ်=ပုဒ်အမည်,လိင်(နှင့် လိင်အနက်),ဂိုဏ်း,ကာရန်,တို့ကို စဉ်းစာစီးစစ်ပါ။
ထိုသို့ စဉ်းစားစီးစစ်နိုင်ရန် စည်းမျဉ်းဆိုင်ရာ သိထားသင့်သော အရာများကို ပြဆိုပါမည်။
########
ပထမပိုင်းအတွက် မှတ်ဖွယ် (၆) စုံ
**********
ဓာတ်-ပစ်-ဝိဘတ်, လိင်-ကာမှတ်,ကြိယတ် ခြောက်စုံမှာ။
မေးပုဒ်ရှုပါ, စီစစ်ကာ, လျော်စွာ ဖြေဆိုရ။
၁။ ဓာတ်,ဓာတ်နက်,
၂။ ပစ္စည်း,ပစ္စည်းအနက်,
၃။ ဝိဘတ်,ဝိဘတ်အနက်,
၎။ လိင်,လိင်အနက်,
၅။ ကာရက,ကာရကအနက်,
၆။ ကြိယာ,ကြိယာအနက် တို့ကို လေ့လာပါ။
မှတ်ချက်။ ဓာတ်ကို တွေ့လျှင် ဓာတ်၏အနက်ကိုပါ သတိပြုပါ။
ပစ္စည်းကို တွေ့လျှင် ပစ္စည်း၏အနက်ကိုပါ သတိပြုပါ။
ဝိဘတ်ကို တွေ့လျှင် ဝိဘတ်၏အနက်ကိုပါ သတိပြုပါ။
လိင်,ကို တွေ့လျှင် လိင်၏အနက်,ဂိုဏ်း, ကာရန်တို့ကိုပါ သတိပြုပါ။
ကာရကကို တွေ့လျှင် ကာရက၏အနက်ကိုပါ သတိပြုပါ။
ကြိယာကို တွေ့လျှင် ကြိယာ၏အနက်ကိုပါ သတိပြုပါ။
#############
၁။ ဓာတု နှင့် ဓာတွတ္ထ(ဓာတ်နှင့်ဓာတ်နက်)
၂။ ပစ္စယ နှင့် ပစ္စယတ္ထ(ပစ္စည်းနှင့်ပစ္စည်းနက်)
၃။ ဝိဘတ္တိ နှင့် ဝိဘတျတ္ထ (ဝိဘတ်နှင့် ဝိဘတ်နက်)
၎။ လိင်္ဂနှင့် လိင်္ဂတ္ထ(လိင်နှင့်လိင်နက်)
၅။ ကာရကနှင့် ကာရကတ္ထ (ကာရကနှင့်ကာရကအနက်)
၆။ ကြိယာနှင့် ကြိယာတ္ထ(ကြိယာနှင့် ကြိယာအနက်
########
(၁) ဓာတု နှင့် ဓာတွတ္ထ(ဓာတ်နှင့်ဓာတ်နက်)
********
ဂမု,ပစ-စသော အာချာတ်ဓာတ်များနှင့် ကိတ်ဓာတ်များကို (ဓာတု-ဓာတ်)ဟု ခေါ်သည်။
ဂမုဓာတ်၏ ဂတိအနက်, ပစဓာတ်၏ ပါကအနက် စသော ဓာတ်၏အနက်များကို (ဓာတွတ္ထ-ဓာတ်၏အနက်)ဟု ခေါ်သည်။
မှတ်ချက်။ ဓာတ်နက်များကို အလွယ်ဆုံးဖြတ်နိုင်ရန် အခြေပြုသဒ္ဒါသုတ်နက်ကျမ်းပါ ဓာတ်အနက်လောက်ကိုတော့ အာဂုံဆောင်ထားသင့်ပါသည်။ ထိုထက်ပိုစွမ်းနိုင်ပါက ဓာတွတ္ထပန်းကုံးသည် ဓာတ်ပေါင်း(၁၉၂၅)လုံးဖြင့် တည်းဆောက်ထားသည်ဖြစ်ရာ ဓာတွတ္ထပန်းကုံး၌ပါသော ဓာတ်(၁၉၂၅)လုံးကို တစ်နေ့ မိမိနိုင်သလောက် စာသင်သားနှင့်တန်သော အာဂုံဆောင်နည်းဖြင့် ဆောင်ထားသင့်ပါသည်။
###########
(၂) ပစ္စယ နှင့် ပစ္စယတ္ထ(ပစ္စည်းနှင့်ပစ္စည်းနက်)
********
အာ,ဤ,ဣနီ-စသော နာမ်ပစ္စည်းများ၊ ခ,ဆ,သ-စသော အာချာတ်ပစ္စည်းများ၊ တ-စသော ကိတ်ပစ္စည်းများ၊ ဏ-စသော တဒ္ဓိတ်ပစ္စည်းများကို (ပစ္စယ-ပစ္စည်း) ဟု ခေါ်သည်။
နာမ်ပစ္စည်း, အာချာတ်ပစ္စည်းတို့၏ ဇောတေတဗ္ဗတ္ထ စသော အနက်များ၊ ကိတ်ပစ္စည်းတို့၏ ကတွတ္ထ စသော အနက်များ၊ တဒ္ဓိတ်ပစ္စည်းတို့၏ အပစ္စ စသော အနက်များကို (ပစ္စယတ္ထ-ပစ္စည်း၏အနက်) ဟု ခေါ်သည်။
###############
(၃)ဝိဘတ္တိ နှင့် ဝိဘတျတ္ထ (ဝိဘတ်နှင့် ဝိဘတ်နက်)
**************
သိ, ယော- စသော နာမ်ဝိဘတ်များ၊
တိ, အန္တိ -စသော အာချာတ်ဝိဘတ်များကို (ဝိဘတ္တိ-ဝိဘတ်)ဟု ခေါ်သည်။
နာမ်ဝိဘတ်တို့၏ လိင်္ဂတ္ထ-စသော အနက်များ၊
အာချာတ်ဝိဘတ်တို့၏ ကတွတ္ထ-စသော အနက်များကို (ဝိဘတျတ္ထ-ဝိဘတ်၏အနက်)ဟု ခေါ်သည်။
############
(၄) လိင်္ဂနှင့် လိင်္ဂတ္ထ(လိင်နှင့်လိင်နက်)
***********
ပုလ္လိင်, နပုလ္လိင်, ဣတ္ထိလိင်, ဒွိလိင်, တိလိင်, အလိင်-တို့ကို (လိင်္ဂပဒ-လိင်)ဟု ခေါ်သည်။
ပုလ္လိင်, နပုလ္လိင်, ဣတ္ထိလိင်, ဒွိလိင်, တိလိင်, အလိင်-တို့၏ သကတ်-စသောအနက်(၅)မျိုးနှင့် သစ်ပင်-စသော အနက်တို့ကို (လိင်္ဂတ္ထ-လိင်၏အနက်)ဟု ခေါ်သည်။
###########
(၅) ကာရကနှင့် ကာရကတ္ထ
*************
ကတ္တ္တုကာရက-စသည်နှင့် အာလပန-စသော အကာရကတို့ကို (ကာရက)ဟု ခေါ်သည်။
ကတ္တ္တုကာရက-စသည်တို့၏ ကတ္တုအနက်,စသည်တို့နှင့် အာလပန-စသော အကာရကတို့၏အာလုပ်စသောအနက်တို့ကို (ကာရကတ္ထ-ကာရက၏အနက်)ဟု ခေါ်သည်။
#######
(၆) ကြိယာနှင့် ကြိယာတ္ထ(ကြိယာနှင့် ကြိယာအနက်
**************
အာချာတ်ကြိယာနှင့် ကိတ်ကြိယာတို့ကို (ကြိယာ)ဟု ခေါ်သည်။
အာချာတ်ကြိယာနှင့် ကိတ်ကြိယာတို့၏ ကတ္တားအနက်,ကံအနက်စသည်တို့ကို (ကြိယာတ္ထ-ကြိယာ၏အနက်)ဟု ခေါ်သည်။
ထိုဓာတ်ပစ္စည်း စသည်ခွဲ ခြာတတ်ရန် ပုဒ်တို့၏သဘောကို ရှေ့ဦးစွာ သိထားရမည်။ ပုဒ်ဓာတ်ပစ္စည်းကို ခွဲခြာတတ်မှသာ ဝိဂြိုဟ်ပြုနည်းကို ကျွမ်းကျင်ပိုင်နိုင်ပါမည်။
###########
ဓမ္မာစရိယအလင်အိမ်